Search This Blog

Thursday, November 12, 2020

 #နောက်ဆုံးထွက်သက်#အဖော်?

**************************
သေခြင်းတရားသည်
ရိုးမလိုနှင့် အလွန်ဆန်း၏။
ဆန်းသောအရာ ဟူသမျှသည်
တစ်ချိန်ချိန်၌ ရိုးသွားစမြဲပင်။
ရိုးသောအရာ ဟူသမျှသည်လည်း
ပြန်လည် ဆန်းသစ်လာရစမြဲဖြစ်ပေ၏။
သေခြင်းတရားကို သတ္တဝါတိုင်း
ကြုံတွေ့ကြရမည့်အရာဖြစ်၏။
မရဏသန္နလို့ခေါ်သည့်
ဘဝပြောင်းကာနီး
ရောက်လာသည့် အချိန်မှာတော့စိတ်ဓာတ်စွမ်းအားတွေဟာအားလျော့လာပေ၏။
ယင်းကို
``မိန်းမောတယ်´´
``မျောနေတယ်´´
ဟူ၍လည်းခေါ်ကြပါ၏။
ဒီလိုအချိန်မျိုး၌ဘာနဲ့တူသလဲဆိုလျှင်
ရေနစ်ချိန်၊ အမြင့်က လိမ့်ကျချိန်၊
အထိတ်တလန့်ဖြစ်ချိန်များနှင့်
အလားတူတယ်လို့ဆိုပေ၏။
ယင်းအချိန်၌ဆို၌လျှင်
ဇောက (၇)ကြိမ် မဖြစ်တော့ပေ။
(၅)ကြိမ်ဘဲ ဖြစ်တော့သည်ဟု ဆိုပါ၏။
ထွက်သက်၏ နောက်ဆုံးအချိန်၌
ကံတွေကိုလည်း စနစ်တကျ သုံးသပ်ဆင်ခြင်ပြီး
ပြုလုပ်နိုင်စွမ်းလည်း မရှိတော့ပေ။
{ တရားအခံမရှိလျှင်တော့ ပျာနေပြီလို့ပြောရမှာပေါ့ }
ကိုယ် အလေ့အကျင့် သန်ခဲ့သည့်
ကံတွေကဘဲ နေရာယူပြီး
အာသန္နကံ သဖွယ် ထင်လာမြင်လာတတ်ကြပါ၏။
ဥပမာ -
လူတစ်ယောက်သည်
ထိန့်လန့်တကြား ဖြစ်သည့်အခါ၌
ငါ့ပါးစပ်ကနေဘယ်လို စကားမျိုးပြောမယ်လို့
စဉ်းစားချိန် မရလိုက်ဘဲပါးစပ်၏ အကျင့်သန်ရာအတိုင်းဘဲ ယောင်ယမ်းအော်တတ်ပါ၏။
{ ကောင်းသောအကျင့်အမြဲ အာစိဏ္ဏကံ တွေလုပ်ထားဖို့လို၏။ ယောင်ယမ်းလို့ရှိလျှင် မကောင်းတာ ယောင်ယမ်းတတ်သူများ သတိထားဖို့လိုပါ၏။ }
ထင်မြင်လာသည့် ကံတွေကလည်း
စနစ်တကျ စဉ်းစားနိုင်စွမ်း
မရှိတော့သည့်အတွက် အလေ့အကျက်သန်ရာ
( အာစိဏ္ဏကံ)တွေကဘဲ
ရောက်လာ ထင်လာကြပြီး
(အာသန္နကံ)သဖွယ်
ဖြစ်ပေါ်လာကြတာပါ၏။
သေခါနီးလူတစ်ယောက်သည်နောက်ဆုံးထွက်သက်၌ (အကြား)အာရုံသည် နောက်ဆုံးဖြစ်ပါ၏။
သေခါနီးလူတစ်ယောက်သည်ကျန်သည့် အာရုံတွေ ချုပ်ဆုံးပြီး -#အကြားအာရုံဘဲနောက်ဆုံးကျန်ခဲ့ပါ၏။
သေခါနီးလူတစ်ယောက်သည်
အခြားသူတွေက အနားကနေ -ကြည့်နေကြတဲ့အခါ၌ အသက်လည်း မရှူတော့ပေ။
နှလုံးလည်း မခုံ တော့ပေ။
လက်ကောက်ဝတ်၌သွေးစမ်းကြည့်တော့
သွေးလည်းမတိုးတော့ပေ။
#ယင်းအချိန်၌ အများအားဖြင့်နောက်ဆုံးထွက်သက်၏ အဖော်ဖြစ်သည့်
( #ကြားစိတ် ) ရှိနေပါသေး၏။
သေခါနီးလူတစ်ယောက်
အခြားအာရုံတွေ ချုပ်သွားသော်လည်း
( အခြားသူတွေကသေပြီဟု ယူဆထားသည့်အချိန်၌ ) ကြားစိတ်က မချုပ်သေးပေ။
ကြားစိတ်ဟာ အချိန်အားဖြင့်အများဆုံး မိနစ်( ၂၀) ခန့်ထိရှိနေတတ်ပေ၏။
( မိနစ် -၂၀ - အကြာဆုံး။
မိနစ် -၂၀ အောက်
၁၀ - မိနစ်၊ ၅ - မိနစ်
အမျိုးမျိုးဖြစ်နိုင်သည်ဟုဆိုလိုပါ၏။ )
ဒီကိစ္စကို သိထားရမည့်အရေးကြီးကိစ္စဖြစ်ပေ၏။
ဘဝ၏ နောက်ဆုံးအချိန်တွေကိုဖြတ်သန်းရတာ
အလွန်ကြောက်စရာကောင်းလှပါ၏။
တစ်ချက်ကလေးအာရုံလွဲလိုက်တာနှင့်
အပါယ်ကျသွားလျှင်``ဘွာတေးလုပ်၍´´မရတော့ပေ။
အကုသိုလ် အစွဲအလန်းတွေနှင့်
သေခါနီး အသက်မထွက်ဝိညာဉ်မချုပ်နိုင်ဘဲ
ဆန့်ငင် ဆန့်ငင် ပုဂ္ဂိုလ်တွေကိုတွေ့ဖူးကြပါလိမ့်
မည်။
အချို့ ကြတော့လည်း
အကုသိုလျစတေနာ၊ ကုသိုလျစတေနာ
ကြီးမားစွာ မရှိ၊ဝိပဿနာဉာဏ်တရား
အခြေခံကလည်း မရှိတော့
သူရဲ့ကံ က သူ့ကို ဘယ်ပို့ရမှန်း မသိဘဲ
စိတ်က ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့
ကြာနေတတ်ပါ၏။
ဒါကို ဘေးကလူတွေက
သားကို စောင့်နေသလိုလို
သမီးကို စောင့်နေသလိုလို
ထင်နေတတ်ကြပါ၏။
မျှော်နေသူက ရောက်လာ၍
``အမလေး .. ရောက်လာပြီလေ.. ထကြည့်ပါဦး ဟု´´
ဘေးကများ ကုန်းအော်လိုက်ရင် အသက်ထွက်
သေမည့် လူက``သွားပြီ အပါယ်´´ငရဲအိုး တိုက်ရိုက်ပါဘဲ။
#လောဘနှင့်သေ ပြိတ္တာပြည်။
#ဒေါသနှင့်သေ ငရဲပြည်။
#မောဟနှင့်သေ တိရစ္ဆာန်ပြည်။
တောင်အောက်ကို ကျခါနီးလူကိုဆောင့်ကန်ချသလို ဖြစ်သွားမယ်။
သေခါနီး၌ ဖက်ငိုသည့်သူတွေဟာလည်း
သေသည့်သူကို အယူမှားစေပါ၏။
ကိုယ့်မိဘ၊ ကိုယ့်အမျိုးတွေ
ကိုယ့်မိတ်ဆွေတွေကို ချစ်ပါတယ်ဆိုလျှင်
သေခါနီး၌ အယူကောင်းစေမည့်
လှူဒါန်းထားသော အလှူများကို
သတိပေး ပြောစေခြင်း၊
ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ပေးခြင်း၊ ကုသိုလ်ကောင်းမှုနှင့်ဆက်စပ်သောစကားများကိုသာ
ပြောခြင်းဖြင့် သေမည့်သူ၏လားရားဂတိကို ကောင်းအောင်ပြု လုပ်သင့်ကြပေ၏။
အချို့ဆိုလျှင်
ငါသေရင်မငိုကြနှင့်
ဆူညံဆူညံမလုပ်ကြနှင့် ငါတရားကိုနှလုံးသွင်းပြီး
အေးချမ်းစွာသေပါရစေ ဆိုပြီးမိသားစုကို ကြိုတင်
မှာထားတတ်သည့် သူတွေရှိပါ၏။
--------------------------------------------
ဘဝမှန်သမျှ လက်ဖြစ်တစ်တွတ်စာတောင်
ဘုရားရှင်မချီးမွမ်းခဲ့ပေ။
ယင်းကြောင့်
နတ်ဘဝ၊ ဗြဟ္မာဘဝသည်လည်း သံသရာနှင့် ယှဉ်လိုက်လျှင်ခဏလေးရယ်ပါ။
ကမ္ဘာပေါင်း( ၈၄၀၀၀)ရှစ်သောင်းလေးထောင်
အသက်ရှည်သည့် မဟာဗြဟ္မာကြီး၏ သက်တမ်းတောင် ခဏလေးဟုဘုရားရှင် ဟောတော်မူခဲ့ပါ၏။
ကျန်သည့် လူသက်၊နတ်သက်ဆိုတာ မပြောနဲ့တော့။
ကြားစိတ်၊ မြင်စိတ်၊ နံသိစိတ်၊
အရသာသိစိတ်၊ ထိသိစိတ်
ကြံတွေးစိတ် ဒီအာရုံတွေထဲ၌
နောက်ဆုံးထွက်သက်၏အဖော်ကတော့
ကြားစိတ်ဘဲ ဖြစ်ပါ၏။
မြင်စိတ်ဘဲဖြစ်ပါတယ်။
ယင်းကြောင့်
ဒီ (ကြားစိတ်သူရဲကောင်း) ကို
မိမိ မသေခင်၌ ဒဏ်ခံနိုင်အောင်ကောင်းကောင်း
လေ့ကျင့်ထားဖို့ လိုအပ်ပါ၏။
မိမိ သွားရင်း၊ လာရင်း၊ စားရင်း၊
သောက်ရင်း၊ နေရင်း၊ ထိုင်ရင်းနှင့်
တရားထိုင်နေသည့် ချိန်တွေ၌ကြားသည့်အသံတွေကို လိုအပ်သလို ဖြစ် - ပျက် ရှုထားသည့်
အကျင့်လုပ်ထားဖို့ လိုပါ၏။
ဥပမာ -
အချို့ဆိုလျှင် အသံချဲ့စက်သံ ဆူညံသံတွေကြောင့်
တရားရှုမှတ်၍ မရနိုင်ဘူး။
နားမခံနိုင်ဘူး အစရှိတာတွေဟာ
နား၌ လာတိုက်သည့် အသံကိုမိမိက ရှုမှတ်နိုင်သည့် ယောနိသောမနသီကာရ ဆိုသည့်
အခံ မရှိတာပါဘဲ။
တရားရည်ပြည့်ဝသွားလျှင်
ဒါတွေကို ခံနိုင်ရည်ရှိလာပါ၏
ယင်းကြောင့်
နောက်ဆုံး မရဏစစ်ပွဲ၌ အားကိုးရမည့်
``ကြားစိတ်´´သူရဲကောင်းအား
လေ့ကျင့်ထားကြပါဟု ဒကာ ဒကာမ အပေါင်း
သူတော်ကောင်းအပေါင်းတို့သည် တစ်ဘဝကို အနားသတ်
သံသရာကိုလက်စသတ်၍
ဒုက္ခအပေါင်းချုပ်ငြိမ်းရာ သံသရာကို ထပ်မံ အနားသတ်သော မြတ်နိဗ္ဗာန်သို့ အလွယ်တကူဝင်
ရောက်စံမြန်းနိုင်ကြပါစေ။
ဦးပညိန္ဒ

No comments:

Post a Comment